စွယ်တော်တရွက်၏မိတ္တူ
နောက်ပြောင်ခြင်းမှာ အမှန်တရားတ၀က် ပါတယ်”လို့စာတပိုဒ်ကို ဖတ်မိကတည်း
က အတွေးတစဟာ အတိတ်ကိုဇွတ်ဆွဲခေါ်လာတော့တာပဲ။ ဟုတ်ပါတယ် ….လေ ။သူမက
နောက်ပြောင်ရုံသက်သက်ပဲ ချစ်ခဲ့တာလို့ပြောလာရင်တောင် ကျေနပ်စွာလက်ခံမှာပါ။
ဘာလို့လဲဆိုတော့ … အဲလိုချစ်ခဲ့တယ်ဆိုရင်တောင် အမှန်တရားတ၀က်တော့ပါဦးမှာမို့ပါပဲ။
သူမနဲ့ပတ်သက်လို့ ရှိသမျှမျှော်လင့်ခြင်းတွေကို ရိတ်သိမ်းဖူးသလို မသိမ်းပိုက်ခင်ကတည်းက
ခံတပ်မှန်သမျှ တိတ်တိတ်လေးရုပ်သိမ်းပေးဖူးတယ်။ ဘယ်သူ့ဆီမှာမှ မရှုံးနိမ့်ဖူးဘူးဆိုရင်
တောင်ပထမဆုံး ကျရှုံးစေသူဟာ ကိုယ်သိပ်ချစ်တဲ့ချစ်သူရှေ့မှာပဲ ဖြစ်သင့်တယ်လို့အမှန်
တရားအတွက်အသံထွက်ကျယ်ခဲ့ဖူးပါရဲ့။ဘယ်သူတွေဘာပဲပြောပြော အမှန်တရားဟာ
လူကြိုက်များစရာမလိုဘူး ဆိုတာကိုစကားအနည်းငယ်နဲ့ သဘောတူတယ်။
သူမကို လမ်းမှာခလုတ်တခု အနေနဲ့တိုက်ခဲ့မိတယ် ဆိုရင်လည်းပဲ့ရှသွားမယ့် ကိုယ့်
ဘ၀ကို ပြန်မဖြည့်ပဲ ထားလိုက်တာဟာ အဓိပါယ်တခုအနေနဲ့ သတိရနေအောင်လို့ပါ။
မိုးတိမ်အတုဖြစ်လာဖို့ နည်းပညာအသစ်လိုရဲ့၊ဖန်လုံအိမ်ဓာတ်ငွေ့ စိုက်ပျိုးရေးအောင်မြင်ဖို့
ဒေါ်လာများများလိုရဲ့၊ ရေသယံဇာတဖြစ်လာဖို့ ကမ္ဘာကြီးကအချိန်နည်းနည်း လိုနေရဲ့၊ ငါက
ကော မင်းအတွက် ပြောင်းလဲလာနေတဲ့ ရုပ်ဝတ္ထုတွေကြားမှာ ပျော်အောင်ဘာတွေဖန်ဆင်းပြဖို့
လိုမလဲ။ ငါတို့အဖြစ်ကနေကြတ် သွားသလိုငါတို့အချစ်က လေဖြတ်သွားသလို ကောင်းခန်း
ရောက်မှမီးကပြတ်ပြတ်သွားရဲ့။ဘာနဲ့တူသလဲဆိုတော့ ပြီးပြတ်ချင်လို့ကလည်း တပိုင်းကိုသေ
လို့ ချည်ထားတာကလည်း ခေါက်တုံ့ချည်နည်းနဲ့လေ။
တကယ်ပါ ကောင်မလေးရယ် မော်ဒန်လောကပြောစကားအရဆို ဗဟိုချက်မဲ့တယ်ဆိုလား၊
Multitruth ဆိုတဲ့ အမှန်တရားများဆိုလား။ငါသိခဲ့တာကတော့ ငါဟာစွန်တကောင်
သာဆိုရင်နင်ဟာရစ်လုံးလေးပဲ ဖြစ်ရမှာပေါ့ (ငါ့ကိုထိန်းကွပ်ဖို့လေ)။ငါကသာနင်ဆွဲထုတ်ထား တဲ့ချည်စတစဆိုရင်လည်းငါ့ချည်တိုင်လေးကနင်ပေါ့ (ဘယ်လောက်ရှုပ်ထွေး နေပါစေတချိန်မှာ
နင့်ဆီကိုရှင်းလင်း ရောက်ရှိလာမှာပေါ့ကွယ်)ဒါကတော့ ဖြစ်ချင်တာတွေပေါ့ ။နေ့တိုင်းလိုလို
ပဲ မီးခိုးငွေ့တွေများလာရင် အက်ဆစ်မိုးတွေရွာတတ်သတဲ့ ငါသတင်းတပုဒ်ဖတ်မိခဲ့။ ငါလည်း
မင်းသယ်ဆောင်လာတော့မယ့် အခိုးအငွေ့တွေကို ကြောက်ကြောက်နဲ့ထိုင်စောင့်နေမိတာ
မနေ့တနေ့ကမှမဟုတ်ဘူး။မင်းပြောခဲ့ဖူး ငါ့ကိုချစ်ရတာ လမ်းပြောင်းပြန်မောင်းရသလို ပါပဲတဲ့။
ဟုတ်မှာပါအချစ်ရယ် ငါ့ဘက်ကစာမျက်နှာမှာတော့ နင့်ကိုချစ်တယ်ဆိုတာ နှင်းဖွဲဖွဲကြားမှာထီး
ဆောင်းပြီး ဖြတ်သန်းနေတာပါ။ ချစ်ခဲ့သူနဲ့ ချစ်ခံရသူကြားက ခြားနားမှုကတော့ ဒီလောက်ပါပဲ။
တိမ်တွေငိုတဲ့နေ့တုန်းကလေ … သူမကကျွန်တော်တို့ ကြားက ကွက်လပ်လေးကိုထောက်ပြပြီး
မျက်ရည်တွေကျနေရဲ့။ မျက်ရည်တွေနဲ့သိပ်လှနေတဲ့ သူမကငါ့ကိုကျောခိုင်း ပြီးငါနဲ့ဝေးရာကို
တရွေ့ရွေ့ … ဒီကွက်လပ်လေးကို တမင်သူ့အတွက်ဖန်ဆင်းပေးခဲ့တာကိုမသိပဲနဲ့ပေါ့။လေတ
ချက်တော့ချွန်မိပါရဲ့။ပြီးတော့ လွမ်းသဖြင့်သာ ပန်းပွင့်ပါလျှင်… ဆိုတဲ့ကဗျာကို ရွတ်ဆိုရင်းပေါ့။
တ၀က်ပဲမှန်တဲ့ အမှန်တရားမှာတောင် ရောင့်ရဲနိုင်ခဲ့သေးရင် မြစ်တစင်းရဲ့ဆန္ဒထဲ
မှာလည်းအလွယ်တကူ နေသားကျတတ်ရမှာပေါ့။ ဘာကိုမှစွန့်လွှတ်စရာ မကျန်တော့တဲ့ဘဝ
တခုဟာ လေထဲမှာလွင့်နေတဲ့ အ၀တ်တစနဲ့တူလွန်းပါရဲ့။ ထင်ထားတာထက်နည်းနည်း စော
သွားတာကလွဲရင် အားလုံးဟာသေသေသပ်သပ်ပါပဲ။ တလျှောက်လုံးမှာ ငါထင်ထားခဲ့တဲ့
အချစ်ဟာ … သုညတလုံးသာဖြစ်ခဲ့ပြီး အထားအသိုမှားလို့ နာကျင်ခဲ့ရတဲ့ အဓိပါယ်ကတော့
နင်ချစ်နေတယ်ထင်ခဲ့ခြင်း သာဖြစ်တယ်။ ငါတို့ပန်းချီမှာ အရာင်တခုလိုအပ်နေရင်လည်း
လိုနေတဲ့အရောင်ဟာ မင်းမျက်ဝန်းတွေကို လွမ်းနေတဲ့အရောင်သာဖြစ်မယ်။ တွေးနေတဲ့အရှိန်
တွေ လျှော့ချလိုက်တဲ့အခါ သံစဉ်တခုလွှတ်ခနဲ နှုတ်ဖျားကထွက်လာတော့ စိတ်လိုလက်ရဆို
ညည်းမိ … မောမောနဲ့ဆိုရင်း တိုးတိတ်သွား … … … ပြီးအောင်ဆက်ဆိုမိသလား မသေချာ
တော့ … နားထဲမှာ …ကြားရတာက .. သူစိမ်းတယောက်ပါ .. သူစိမ်း..တ..ယောက် ။.. သူ..
စိမ်း …. တ … ။ သူစိမ်း … ။ သူ …… ။ …… ။ …… ။
ထက်ရှ


